ကလေးတွေမှာ အပူဖုတွေ ထွက်လာရင် သက်သာစေဖို့
ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားကျန်းမာရေး ကိစ္စ တစ်ခုရှိပါတယ်။ ဒါကတော့ အရေပြားမှာ အပူဖုတွေ ထွက်တာပါ။ ဒီလို အပူဖု ထွက်ရတာက ချွေးပေါက်တွေ ပိတ်ဆို့တာ ရောင်ရမ်းတာကနေ အစပြုတာပါ။ ဒီလိုနဲ့ အရေပြားပေါ်မှာ အဖုအပိမ့်တွေ ထွက်လာပြီး ပြည်တွေစုကာ ရောင်ရမ်း နာကျင်လာပါတော့တယ်။
ဒီလို အပူဖုထွက်တာက ကလေးငယ်လေးတွေမှာ အဖြစ်များပါတယ်။ အကြောင်းကတော့ ကလေးတွေရဲ့ ချွေးဂလင်းတွေက ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတာကြောင့်ပါ။ ကလေးတွေမှာ အပူဖုတွေ ထွက်တာက အပူလွန်တာ၊ ရာသီဥတု ပူတာ၊ ပတ်ဝန်းကျင် စိုထိုင်းတာ၊ အဖျားတက်တာ၊ အရေပြားမှာ အဆီပါတဲ့ လိမ်းစရာတွေကို လိမ်းမိတာကြောင့်ပါ။ နောက်တစ်ခုကတော့ ချွေးထွက် အရမ်းသန်တာကြောင့်ပါ။
အပူဖုတွေ ထွက်လာပြီဆိုရင် အရင်ဆုံး အရေပြားမှာ အစက်အပြောက်လေးတွေ ဖြစ်လာပါမယ်။ ပြီးရင်တော့ နီရဲပြီး အညိုရောင်၊ ခရမ်းရောင်၊ မီးခိုးရောင် စသဖြင့် ဖြစ်လာပါမယ်။ ပြီးရင်တော့ အရည်ကြည်ဖုလေးတွေ ဖြစ်လာပါမယ်။
ဒီအဖုတွေက အရမ်းများမယ်ဆိုရင် ကလေးက ကိုယ်ပူတာ၊ မအီမသာဖြစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး ကလေးကို အနေရခက်စေတဲ့ အပူဖုတွေ ထွက်လာပြီဆိုရင် သက်သာစေဖို့အတွက် -
- ရေအေးဝတ် ကပ်ပေးပါ - ရေအေးဝတ်လေးကို အပူဖုလေးတွေ အပေါ်ကနေ ကပ်ပေးတာက အပူဖုလေးတွေကို သက်သာစေပြီး ကလေးကို နေရထိုင်ရ သက်တောင့်သက်တာ ဖြစ်စေမှာပါ။
- ချည်သား ပွပွချောင်ချောင်လေး ဝတ်ပေးပါ - ချည်သားပွပွချောင်ချောင်လေးတွေက လေဝင်လေထွက် ကောင်းစေပြီး အပူဖုလေးတွေကို သက်သာစေနိုင်ပါတယ်။
- ကလေးကို ထူထူထဲထဲတွေ မဝတ်ပေးပါနဲ့ - ကလေးကို အပူဖု ထွက်နေချိန်မှာ အဖျားဝင်မှာ စိုးပြီး ထူထူထဲထဲ ဝတ်ပေးတာက အပူဖုတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အပူဖု ထွက်နေချိန်မှာ ထူထူထဲထဲ ဝတ်ပေးတာမျိုး မလုပ်ပါနဲ့။
- ချွေးစိုနေရင် ချက်ချင်းလဲပေးပါ - ချွေးစားတာကလည်း အပူဖုကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ချွေးစိုရင် ကလေးကို ချွေးခြောက်အောင် သုတ်ပေးလို့ အဝတ်အစား ချက်ချင်းလဲပေးပါတယ်။
- လေဝင်လေထွက်ကောင်းပြီး အေးမြတဲ့နေရာမှာ ထားပေးပါ - လေဝင်လေထွက် ကောင်းစေပြီး အေးမြတဲ့ နေရာမှာ ထားပါ။ ဒီလို လုပ်ပေးတာကလည်း ကလေးရဲ့ အပူဖုတွေကို သက်သာစေနိုင်ပါတယ်။ မလို
- အပူဖုတွေကို ညှစ်တာမျိုး မလုပ်ပါနဲ့ - အပူဖုတွေကို ညှစ်ထုတ်တာက မလိုအပ်ဘဲ ပိုးဝင်ရောင်ရမ်းမှုကို ဖြစ်စေပြီး အနာရင်းတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အပူဖုတွေကို ညှစ်ထုတ်တာမျိုး မလုပ်ပါနဲ့။
- ပိုးသတ်ဆေး လိမ်းပါ - အပူဖုတွေကို ပိုးသတ်ဆေး လိမ်းပေးတာက အနာမရင်းစေဖို့ ကာကွယ်ပေးသလို အနာကျက်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် အပူဖုတွေကို သက်သာစေဖို့အတွက် ပိုးသတ်ဆေး လိမ်းပေးပါ။
ဒီလို အခြေအနေဆို ဆရာဝန်နဲ့ ပြသပေးပါ
တကယ်လို့ ကလေးက အပူဖုတွေ ထွက်တာက
- အပူဖုတွေက ရောင်ရမ်းလာမယ်
- အစိမ်းရောင် ဒါမှမဟုတ် အဝါရောင်ရှိတဲ့ ပြည်တွေ စုနေမယ်
- အပူဖုက ၃ ရက် ကြာတဲ့အထိ မသက်သာဘူး ဖြစ်နေမယ်
- ကလေးက အဖျားတက်မယ်
- ကလေးက အစားလည်း ပျက်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။
ကလေးမှာ အပူဖုတွေမှာ သက်သာစေဖို့ ဒီနည်းလမ်းလေးတွေနဲ့ ဖြေရှင်းလိုက်ပါ။
မွန်မွန်